Blogging and IT-KOKO

စာမေးပွဲရှိလို့ စာလုပ်နေရတယ်။ အခုတောင် စာလုပ်ရတာပျင်းလာလို့ ရေးမိရာ တွေ ရေးချလိုက်တာ။ ဘားမှတော့ အရေးမကြီပါဘူး။ ဒီရက်ပိုင်းအတွင်း တော်တော်လေး အလုပ်ရှုပ်သွားတယ်။ ဘာလို့လည်းဆိုတော့ အဓိက ကတော့ ဘလော့ကို WordPress မှာတင်လိုက်လို့ပါ။ အရင်တုန်းကတည်းက တင်မလို့စဉ်းစားထားတာ။ အခုမှပဲလုပ်ဖြစ်တော့တယ်။ ဘလော့ကိုစရေးမယ်လို့ စိတ်ကူးမိတာက Singapore ကို စရောက်ကတည်းကပါ။ ၂၀၀၇ နှစ်ကုန်ပိုင်းလောက်ကပေါ့။ အဲ့ဒါနဲ့ ဟိုရှာဒီရှာနဲ့ Blogger ကိုတွေ့တယ်။ ပြီးတော့ အကောင့်လုပ်လိုက်တာပေါ့။ ဟိုလျှောက်ရေး ဒီလျှောက်ရေးပေါ့။ နောက်ပိုင်းတော့ ဆက်မရေးဖြစ်တော့ပါဘူး။ ဒီအတိုင်းပဲထားလိုက်တော့တယ်။ ဘာပဲဖြစ်ဖြစ် စိတ်ထွက်ပေါက်တစ်ခုခုတော့ ရှိတာ ကောင်းပါတယ်။ စိတ်ရှုပ်လို့ပဲဖြစ်ဖြစ်၊ ပျော်လို့ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် အပြင်မှာ ပေါက်ကွဲတာထက် စာရေးပြီတော့ ပေါက်ကွဲတာက အကုန်အကျ ပိုသက်သာသလားလို့ 😛 ။ ပြီးတော့ ပိုပြီးတော့လည်း အဆင်ပြေတယ်။ ကျွန်တော်က အစတုန်းက ကဗျာလေး ဘာလေးရေးပြီးဖို့ ဘလော့လုပ်တာပါ။

အခုကျတော့ မတူတော့ဘူး။ စိတ်ထွက်ပေါက်အနေနဲ့ လုပ်လို့ရတယ်ဆိုပေမဲ့။ သူများအတွက် စိတ်အနှောက်အယှက် ဖြစ်ရင်မကောင်ဘူးလေ။ ကိုယ့်ဟာကိုတော့ ဟုတ်ပါတယ်။ လူအများနဲ့ဆိုရင်တော့ အပြောအဆိုတွေ၊ အရေးအသားတွေကို သတိထားရမယ်လေ။ ငါ့ဘလော့ ငါပိုင်တယ်၊ ငါ့ဟာငါရေးတာပဲဆိုပြီး ထင်ရာတွေရေးလို့တော့ ဘယ်ရမလဲ။ အဲ့ဒီလိုနဲ့ Blogger မှာ မရေးဖြစ်တော့ဘူး။ ဘလော့လည်း မရေးဖြစ်တော့ဘူး။ ဒါနဲ့ blogger အကောင့်ကို မဝင်ဖြစ်တော့ပါဘူး။ ဒါပေမဲ့ ၂၀၁၀ လောက်ရောက်တော့ ကျွန်တော် DSLR Camera တစ်လုံးဝယ်ဖြစ်ခဲ့တယ်။ အဲ့ကနေစပြီး ဘလော့ပြန်ရေးဖြစ်တယ်လို့ ပြောရမယ်။ ဓာတ်ပုံ ဘလော့ပေါ့ဗျာ။ နာမည်ကိုတောင် Han’s Photography 2010 ဆိုပြီးလုပ်လိုက်တယ်။ Design တွေလုပ်။ Theme တွေရှာနဲ့ တော်တော်လေး လုပ်ခဲ့ရတယ်။ အဲ့အချိန်မှာ ကျောင်းမှာလည်း HTML နဲ့ CSS ကို နဲနဲ ပါးပါး သင်ပြီးပြီဆိုတော့။ အဆင်ပြေပြေနဲ့ လုပ်ဖြစ်သွားတယ်။ ပြီတော့ အဲ့အချိန်မှာ မြန်မာယူနီကုဒ် က standard ဖြစ်ပြီဆိုပြီး ပြောင်းဖို့ ပြောနေကြတဲ့အချိန်ပေါ့။ ကျွန်တော်လည်း ယူနီကုဒ် လိုက်ပါတယ်။ ရှေးရေးကို ကြည့်ပြီးတော့လုပ်လိုက်တာ်။ တော်တောလေး ဒုက္ခရောက်တယ်။ ဘလော့က အသစ်၊ မြန်မာစာ system က လည်းအသစ်၊ font အသစ်နဲ့ဆိုတော့.. ကျွန်တော်ထင်တယ်။ ဘယ်သူမှ ဘလော့ကို ဖတ်လိမ့်မယ် မထင်ဘူး။ ဖတ်ဖို့ကို ယူနီကုဒ်သွင်းရမယ်၊ Browser မှာ ဘာလုပ်ရမယ်၊ ညာလုပ်ရမယ် ဆိုတော့ မဖတ်ကြတာနေမှာပေါ့။ ကျွန်တော်က အရင်တုန်းက မြန်မာလို လုံးဝမရိုက်တတ်ပါဘူး(Zawgyi) နဲ့လည်း မတတ်ဘူး။ မြန်မာ ယူနီကုဒ်နဲ့မှ မြန်မာစာကို စရိုက်တတ်တာဆိုတော့၊ မခတ်တော့ဘူး။ မလေ့ကျင့်လိုက်ရပါဘူး၊ ရေးတာများလာတော့ အလိုလို အဆင်ပြေသွားတာ။ ရှင်းရှင်းပြောရရင် မြန်မာစာကို ယူနီကုဒ်နဲ့ စရိုက်တယ်လို့ပြောရမယ်။ တော်တော်လေးကို ရိုက်ရတာလွယ်ပါတယ်။ အဲ့လိုနဲ့ ဓာတ်ပုံဘလော့လေးတစ်ခုဖြစ်လာတာပေါ့။

နောက်ပိုင်းတော့ Domain လေးတစ်ခုဝယ်လိုက်တော့ ပိုကောင်းသွားတာပေါ့။ (www.hanmyohtwe.com) ဆိုပြီး ရေးဖြစ်တယ်။ ဟိုရေးဒီရေးပေါ့။ ကိုယ်တိုင်ရေးတာရော၊ သူများဟာတွေရော၊ အကျိုးရှိတာဆို အကုန်တင်ခဲ့တယ်။ နောက်တော့ အပိုင်းလေးတွေခွဲပြီးရေးတာ ပိုကောင်းတယ်လို့ထင်လို့ ဘလော့နောက်တစ်ခု ကို ခွဲလုပ်ခဲ့တယ်။ (it-koko.blogspot.com) မှာ နည်းပညာပိုင်းတွေ တင်ခဲ့တယ်။ ကျောင်းက စာတွေကို လည်း ပြန်မှတ်မိအောင်ရော၊ သူမျာတွေပါ ဖတ်လို့ရအောင် တင်ခဲ့တယ်။ အဲ့ဒါတွေအားလုံးက Blogger မှာလုပ်ထားတာပါ။ တော်တော်လေးလွယ်ပါတယ်။ အဆင်လည်း ပြေတယ်။ စစလုပ်ချင်းမှာတော့ လွယ်တာနဲ့စလုပ်ရင် ပိုပြီးတော့ ဆက်လုပ်ချင်တာ​ပေါ့။ ဆက်လုပ်ဖြစ်တာပေါ။ အခုကျွန်တော့ (it-koko.blogspot.com) ကို WordPress ကို ပြောင်းလိုက်ပြီ။ ပြီးတော့ ကိုယ်ပိုင် Hosting နဲ့ ကိုယ်ပိုင် Domain နဲ့ လုပ်ထားလိုက်တာပါ။ Domain က ၂ကျပ်လောက်နဲ့ ရလို့ ဝယ်ထားလိုက်တယ်။ Web Server ကိုအခြေခံလေးတွေဖတ်ထားမိတော့ အခက်အခဲ့အများကြီးတော့မတွေ့ပါဘူး။ ဒါတောင် Permalink နဲ့ ပတ်သက်ပြီး နဲနဲ ဒုက္ခရောက်သွားသေးတယ်။ sitemap ၊ SEO လုပ်တာလေးတွေမှာ ကွိုင်နေတယ်။ နောက်ကျမှသိတယ်။ ကျွန်တော် က .htaccess ဖိုင်ကို သွားပြီဖြတ်ထားလိုက်တာကိုး။ နောက်တော့မှ အသစ်ပြန်ရေးပြီး တော့မှ အိုကေသွားတယ်။ Ads တွေရှိနေတာကိုလည်း Hosting ကိုသွားပြီး မေးပို့လိုက်တော့ အဆင်ပြေသွားတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ပျော်တယ်။ ကိုရေးချင်တာကို ကိုယ်ရေးလို့ရတယ်။ ကိုယ်ပြောတာတွေကို လူအများကဖတ်လို့ရတယ်။ ကိုယ့်ကြောင့် သူများ အကျိုးရှိတယ်ဆိုရင် ကောင်းတယ်လို့ စာအုပ်တွေထဲမှာတော့ ပြောထားကြတယ်။ ကျွန်တော် စိတ်ဓာတ်လည်းပြောင်းသွားတယ်လို့ထင်တယ်။ အရင်တုန်းက ဘလော့ရေးတယ်ဆိုတာ။ စိတ်ညစ်လို့။ စိတ်ထွက်ပေါက်အနေနဲ့ဆိုပေမဲ့ သူများကို စိတ်အနှောက်အယှက် ပေးတာကလွဲလို့ ဘားမှမဖြစ်ဘူး။ အခုကျတော့ နဲနဲလေးပို ဖြစ်စေချင်သွားတယ်။ ဘာလည်းဆိုတော့ ကိုယ်ပြောလိုက်လို့ သူတပါး တစ်ခုခုသိသွားစေချင်တယ်။ အကျိုးရှိသွားစေချင်တယ်။ ပေးရခြင်းအရသာကို ပိုသိလာတယ်။ အမှန်အတိုင်း ပြောရရင် နည်းပညာပိုင်းတွေကို ကျွန်တော် စိတ်ဝင်စားတာက လွဲလို့ ဘားမှကောင်းကောင်းမသိသေးပါဘူး အမှားပါဖို့က သေချာပါတယ်။ အမှားပါလို့ရှိရင် ဒါလေးတောင်မသိဘူးလားလို့ ပြောနေမယ့်အစား အမှားကို ချက်ချင်း ပြင်ပေးသွားပါလို့။ Comments တွေကို ပေးချင်သလောက်ပေးလို့ရပါတယ်။ ကောင်းစေချင်လို့ ပြောတဲ့ စကားအားလုံးကို ကျွန်တော် အမြဲလေးလေး စားစားနဲ့ နားထောင်ပေးပါ့မယ်။ အပြောခံရလို့လည်း စိတ်မဆိုးတတ်သလို၊ ပြင်ဖို့ကိုလဲ မကြောက်ပါဘူး။ ကျွန်တော့ မသိခြင်းများကို စာဖတ်သူတို့ရဲ့ ဝေဖန်ခြင်း များနဲ့ ဖြေဖျောက် လိုက်ချင်ပါတယ်။ ကောင်းရင်ကောင်းတယ်၊ မကောင်းရင်မကောင်းဘူးပေါ့။ မကောင်းရင် ဘယ်ဟာကမကောင်းတာလဲပေါ့။ အခြေအမြစ်မရှိပဲ မကောင်းပြောတာ တွေကိုတော့ ကျွန်တော် မသိချင်ရောင် ဆောင်ပြီးနေလိုက်ပါ့မယ်။:P