Android App Development

ကျွန်တော် ပထမဆုံးအနေနဲ့ Android App တစ်ခုကို အခု ရေးနေတယ်။ ပြိုင်ပွဲတစ်ပွဲ အတွက် ဝင်ပြိုင်ရင်း ကျောင်းက Project အတွက်ပါ အဲ့ဒါကိုဘဲ ယူပြီး အခုလုပ်နေတယ်။ စနေတာကတော့ တော်တော်လေး ကြာနေပြီ။ အစပိုင်း လတွေမှာက Idea ကိုဘဲ စဉ်းစားတော့ Development အပိုင်းကို အလေးမထားမိသလို စာအုပ်တွေ သေသေချာချာ လိုက်မဖတ်မိဘူး။ အထူးသဖြင့် Android native app development ကို သေသေချာချာ မသိခဲ့ဘူး။ အဲ့အချိန်တုန်းက ဘာ App ရေးမယ်ဆိုတာ သေသေချာချာ မသိသေးတာကြောင့်လဲပါတယ်။ ကျွန်တော်ကတော့ ဖြစ်နိုင်ရင် Web App ကို ပိုအားသန်တယ်။ ဒါပေမယ့် အခု Android အပိုင်းကို ဦးစားပေးပြီး လုပ်နေတော့ ကျန်တာတွေကျွန်တော် ဘားမှ လိုက်မဖတ်တော့ဘူး။ အစတုန်းက MVC Framework တွေသုံးပြီး PhoneGap နဲ့ ပြန်ပြီး Package လုပ်မလို့ စဉ်းစားသေးတယ်။ ဘာလို့လဲဆိုတော့ Android native ကို လေ့လာရမယ့် အချိန် မပေးနိုင်တော့လို့။ အချိန်က အခုဆို ဘားမှမကျန်တော့ဘူး။ နောက်လထဲမှာ အပြီးလုပ်ရမှာ။ ဘာဘဲဖြစ်ဖြစ် ကျွန်တော်တို့ အခုဆိုရင် တော်တော်လေး ခရီးပေါက်နေပြီ။ သိသင့်သလောက်လဲ သိနေပြီဆိုတော့ စိတ်ထဲမှာ နည်းနည်းတော့ Stress ကျသွားပြီ။

ကျွန်တော်ရေးနေတဲ့ App က ဆေးခန်းတွေ၊ ဆေးရုံတွေနဲ့ ဆိုင်တယ်။ နောက်တစ်ခုက GIS တွေသုံးရတယ်။ ရိုးရိုးရှင်းရှင်းပြောရရင် ဆေးခန်းမှာဖြစ်နေတဲ့ ဒုက္ခတွေကို ဖြေရှင်းပေးနိုင်ဖို့ ကြိုးစားထားတယ်။ စောင့်ရတာ။ ဆေးခန်းဖွင့်မဖွင့်၊ ဘယ်ဆရာဝန်ရှိလဲ၊ ကိုယ့်အနားမှာ ဘာဆေးခန်းတွေရှိလဲ၊ ဘယ်လိုသွားရမလဲ၊ လူဘယ်နှစ်ယောက်ရှိလဲ၊ ဘယ်လောက် ကြာကြာစောင့်ဖို့လိုမလဲ၊ ဘယ်ဆရာဝန်က လူနာတွေ ကိုကြည့်တာ ဘယ်လောက်ကြာလဲ၊ သိပြီဆိုရင် တခါတည်း Booking ပါပေးလုပ်မယ်၊ ပြီးရင် ဘယ်အချိန်လောက် အရောက်လာရမယ်ဆိုတာကိုပါ ပြနိုင်တယ်၊ အဲဒါတွေအပြင် နေမကောင်းလို့ ဆေးခန်းမသွားချင်တဲ့ လူတွေအတွက် ဆရာဝန်မလေး တစ်ယောက်ကိုလဲ ထည့်ပေးထားတယ်။ သူက ခင်ဗျား နေမကောင်းဘူးဆိုရင် ခင်ဗျားကို ဘာဖြစ်လဲ၊ ဘယ်နား နာလဲ၊ ဘာတွေ စားထားလဲ စတဲ့ ဆေးခန်းမှာ ဆရာဝန်တွေ မေးနေကျ မေးခွန်းတွေကို မေးပြီး သင့်ကို ဘာဖြစ်နေတာလဲဆိုတာ မှန်းပေးနိုင်မယ်။ ဘာဆေးသောက်ရမယ်ဆိုတာကိုပါ ဖြစ်နိုင်ရင်ပြောပေးမယ်။ အရေးကြီးတယ်ဆိုရင် ဆေးခန်းကိုပါ သွားဖို့ တိုက်တွန်းပေးမယ်။ ဖုန်းခေါ်ပေးနိုင်မယ်။ နောက်ထက် အများကြီးပါသေးတယ်။

ကျွန်တော်တို့ စိတ်ကူးနဲ့ အခု လက်တွေ့က တော်တော်လေး ကွာတယ်။ အခု ကုဒ်ရေးတဲ့အပိုင်းကျတော့ တော်တော်လေး ခက်နေတယ်။ မသိတာတွေ အရမ်းများတယ်။ ရေးတတ်တဲ့ သူမပါဘဲနဲ့ လုပ်နေရတာဆိုတော့ တော်တော်လေး ကြိုးစားပြီး ရေးရတယ်။ ပိုဆိုးတာက ကျွန်တော် Mobile App ကို မသင်ဖူးသေးဘူး။ ကျောင်းမှာ သင်ဖူးတာဆိုလို့ java နဲ့ php ကိုတော့ ကောင်းကောင်း ရတယ်။ HTML 5 နဲ့ Java Script ကိုတော့ သိသင့်သလောက်တော့ သိတယ်။ များများစားစားတော့ မရေးဖူးဘူး။ အခုတော့ နေ့တိုင်း ကုဒ်ရေးနေရတယ်။ အချိန်ကနီးလာလေလေ စိတ်ကပိုပြီး ရှုပ်လာလေလေ ဖြစ်နေတယ်။ ဒီနေ့တော့ Web-Service ကနေရလာတဲ့ XML ကို အခုအထိ ကျွန်တော့ App ထဲကို ထည့်လို့မရသေးဘူး။ နောက်တစ်ခုကျန်တာက Web-Service ဆီကို ကျွန်တော်ကနေ data တွေပြန်ပြီး ပို့ရတဲ့အပိုင်း။ REST ကိုလဲ ကောင်းကောင်း အလုပ်လုပ်အောင် လုပ်ရအုံးမယ်။ ဒီနေ့တော့ စိတ်ညစ်ညစ်နဲ့ ဘားမှ ဆက်လုပ်ချင်စိတ်မရှိတော့ဘူး။ ညနေကတည်းက ထိုင်လုပ်နေတာ အခုချိန်ထိ မရသေးတော့ ကိုယ့်ကိုကို တော်တော်လေး စိတ်ပျက်လာတယ်။ စိတ်ဓာတ်ကျလာတယ်။ အဲ့ဒါနဲ့ စိတ်ထဲရှိတာတွေ ရေးပြီး ပိုစ့်တစ်ခု တင်လိုက်တယ်။

အားလုံး အိုကေပါစေ။ Cheers!

အိုင်တီကိုကို (စာလုံးပေါင်း ပြန်မစစ်ထားပါ)