ဘာရယ်မဟုတ်ဘူး ရယ်စရာလေးတစ်ခုတွေ့လို့ ရေးချမိသွားတယ်။ ကျွန်တော့ သူငယ်ချင်း ရန်ကုန်ကနေ ရောက်တာ မကြာသေးဘူးလေ။ အလုပ်စလုပ်ခါစဆိုတော့ ဒီမှာ အသားတော့ မကျသေးဘူးပေါ့။ သူပျင်းနေမှာ ဆိုးလို့ စကား ပြောရင်းနဲ့ ရယ်စရားလေးတစ်ခု သွားတွေ့တယ်။ ရယ်လည်း ရယ်ချင်တယ်၊ သနားလည်း သနားမိတယ်။
အကြောင်းကတော့ သူနဲ့ သူ့ကောင်မလေးတို့ နှစ်ဉီး ရန်ကုန်မှာ သွားရင်းနဲ့ ဖြစ်ပျက်ခဲ့တဲ့ အရာလေးပါ။ သူတို့ နှစ်ဉီး ချိန်းတွေ့ဖို့နေရာက အင်းယားကန်ဘောင် ဆိုတော့ ထိုင်လို့ကောင်းမယ်၊ လေညှင်းလေးခံပြီး စကားပြောမယ်ပေါ့။ ဖြစ်ချင်တော့ ထိုင်ခုံက တစ်ခုမှ မအားဘူးတဲ့။ နေကလည်း ပူ၊ နေ့လည်စာက စားပြီးခါစဆိုတော့ ထိုင်ဖို့နေရာ လိုက်ရှာတာ တော်တော်ကြာသွားတယ်။ နှစ်ခေါက်၊ သုံးခေါက်လောက် လမ်းလျှောက် ပတ်ကြည့်တော့ ထိုင်ခုံတော်တော်မျာများကို ၆နှစ် ၇နှစ် အရွယ် ကောင်လေတွေထိုင်နေတာကို သတိထားမိသွားတယ်။ ဒါနဲ့ သူတို့ကို ကောင်းကောင်းမွန်မွန် ဖယ်ခိုင်းမယ် ဆိုပြီး သွားပြောတာပေါ့။ ဖြစ်ချင်တော့ ကောင်လေးက တစ်ယောက်တည်း ထိုင်နေတာ။ ဒါနဲ့ သူ့ကို ဖယ်ခိုင်းဖို့ သွားပြောတော့၊ သူကပြန်ပြောလိုက်တယ်။ “အကိုကြီးတို့ ထိုင်ချင်ရင် ကျွန်တော့ကို ၂၀၀ မုန့်ဖိုးပေးတဲ့” သူလဲ ထင်မထားဘူးဗျာ။ ရိုးရိုးသားသား ထိုင်နေတယ် မှတ်နေတာ၊ အခုတော့ မဟုတ်ပဲ ပိုက်ဆံတောင်း ဖို့ ထိုင်နေကြတာဖြစ်နေတယ်။ သူလည်း မတတ်နိုင်တဲ့ အဆုံး ပေးပြီး အဲ့ကောင်လေးကို ဖယ်ခိုင်းလိုက်တယ်တဲ့။သူ့လို ကောင်လေးတွေ အများကြီးရှိသေးတယ်ဗျာ။
ကျွန်တော်လည်း ရန်ကုန်မပြန်တာ တော်တော်ကြာနေပြီဆိုတော့ ရန်ကုန်နဲ့ တော်တော် အဆက်ပြတ်နေပြီဗျ။ အခုလို မျိုး ပိုက်ဆံတောင်းတဲ့ နည်းလမ်းအသစ်တွေ ကို မသိသေးတော့ဘူး။ ကလေးတွေက ငယ်ငယ်လေးတွေ ရှိသေးတယ်။ စာသင်ရမယ့် အရွယ်၊ ကျောင်းသွားရမယ့် အရွယ်မှာ ကျောင်းမသွားနိုင်ပဲ အခုလို ရရာ လုပ်စားနေရတာကို တွေးကြည့်တော့ စိတ်မကောင်း တော်တော်ဖြစ်သွားတယ်။ လူကြီးတွေ ဆိုးတာ၊ မိုက်တာ၊ မဟုတ်တာတွေ လုပ်တာကို ကျွန်တော် အလေးသိပ် မထားချင်ဘူး။ လူငယ်လေးတွေကိုတော့ စာကောင်းကောင်းသင်၊ ကျောင်းမှန်မှန်တတ်စေချင်တယ်။ ဘာလို့လဲဆိုတော့ လူကြီးတွေက ပြောလို့မရတော့ဘူး။ ပြောလို့လဲ မနိုင်တော့ဘူးလေ။ အချိန်တန်ရင် သူ့ဟာနဲ့ သူ အနားယူသွားကြတော့မှာ။ အခုဟာက လူငယ်တွေ ကိစ္စဖြစ်နေတော့ ကျွန်တော် ဝမ်းနည်းမိတာတော့ အမှန်ဘဲဗျ။
ငယ်ရွယ်ချိန်မှာ ပညာမရှာနိုင်ရင် ကြီးတော့မှ ဘယ်လို့သွားပြီးသင်မလဲ။ ကျွန်တော့ ညီလိုနေတဲ့ သူငယ်ချင်း တစ်ယောက်ရှိတယ်။ သူက ၁၀တန်းကို ကျတာ တစ်ဖုန်းဖုန်းပဲ။ ကျွန်တော်ကသူ့ကိုမေးဖူးတယ်။ မင်းစာကောင်းကောင်း မလုပ်ရင် ဘယ်လိုလုပ်ပြီး ငွေရှာမလဲ၊ ချမ်းသာမလဲလို့။ သူကပြန်ပြောတယ် စာတတ်ဖို့ မလို့ဘူး။ ဉီးနှောက်ရှိဖို့ဘဲ လိုတယ်တဲ့။ ဉီးနှောက်ရှိရင် စာတတ်တဲ့ကောင်တွေကို ငွေပေးပြီး ခိုင်းလို့ရတယ်တဲ့။ စာမသင်ဘဲ ဘယ်က အသိဉာဏ်ရလာမလဲ၊ ဘယ်ကဦးနှောက်ရှိလာမလဲ ဆိုတာ သူမသိဘူး။ အခုခောတ် လူငယ်တွေ အတွေးမှား။ အမှတ်မှားတွေဖြစ်နေကြတာ အများကြီး။ ကိုယ်ဘာလုပ်ရင် ဘာဖြစ်လာမလဲဆိုတာ ပြောဖို့ တော်တော် ခတ်ကြတယ်ထင်တယ်။ မင်းကျောင်းပြီးရင်် ဘာလုပ်မလဲ ဆိုရင် တော်တော် များများက ဘာလုပ်ရမလဲဆိုတာ မသိပါဘူးကွာ။ ဟုတ်လဲဟုတ်ပါတယ်။ မြန်မာမှာ ကျောင်းပြီးရမှာကို တော်တော် ကြောက်နေရတယ်။ ပြီးလာရင် ဘာဖြစ်မှာလဲဆိုတာ ကို မသိတော့ ဒါကိုပြီးအောင် ကြိုးစားပြီး လုပ်ဖို့ ခတ်နေကြမှာပေါ့။ အသိဉာဏ်ပိုင်း တိုးတတ်ဖို့ ကျောင်းတွေမှာ အရေးပေးပြီး သင်ပေးသင့်တယ်။ ကျောင်းပြီးရင် ဘာတွေဖြစ်မယ်။ ဘာတွေဆက်လုပ်လို့ရမယ်။ စတဲ့ အခွင့်အရေးလေးတွေရှိသင့်တာပေါ့။ ရှိရင်လည်း ကျောင်းသားတွေကို သိအောင် သေသေချာချာ ပြောပြသင့်တာပေါ့။ ဒါကလည်း နောက်ပိုင်းဆို အခွင့်ရေးတွေ ပိုများလာမှာပါလေး။ မြန်မာနိူင်ငံတော်ကြီး တိုးတတ်ပြောင်းလဲ နေပြီလို့ ပြောနေကြပြီလေ.…
အီး အစိုးရ(E-Government) ဖြစ်ရင် ရန်ကုန် ပြန်မယ်လို့ တွေးရင်း အိပ်ဖို့ ရေးတာကို ရပ်ပါတော့မည်။
အိုင်တီကိုကို (တောင်ရေး မြောက်ရေး)