မြန်မာနိုင်ငံ၊ Covid-19 နှင့် Lockdown

Lockdown

Lock Down ဆိုသည်မှာ…

မြန်မာနိုင်ငံ၊ Covid-19 နှင့် Lockdown

မြန်မာနိုင်ငံမှာ Covid-19 အတည်ပြုလူနာတွေ တွေ့ရှိရပြီးနောက်ပိုင်းမှာ ရောဂါထိန်းချုပ်ဖို့အတွက် အမြန်ဆုံး Lockdown လုပ်သင့်တယ်ဆိုတဲ့ အကြံပြုချက်တွေကို လူမှုကွန်ယက်တစ်ခွင်မှာ မြင်တွေ့လာရပါတယ်။ ဒီ Post မှာတော့ Lockdown နဲ့ပတ်သက်လို့ စဥ်းစားစရာအချက်တချို့ကို အနည်းငယ်ဆွေးနွေးလိုပါတယ်။

Lockdown ဆိုတာဘာလဲဆိုရင်တော့ အရိုးရှင်းဆုံးပြောရရင် နေရာ‌ဒေသတစ်ခုမှာ လူဝင်ထွက်သွားလာမှုကို ကန့်သတ်ထိန်းချုပ်လိုက်တဲ့၊ ဒေသတစ်ခုလုံးကို ပိတ်ဆို့လိုက်တဲ့ အရေးပေါ်လုပ်ဆောင်မှုနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒေသတစ်ခုလုံးအပေါ် ချမှတ်တဲ့ ကွာရန်တင်း (Quarantine) အကြီးစားလို့ မြင်ရင်လည်း ရပါတယ်။ Covid-19 လို ကူးစက်ရောဂါဖြစ်ပွားတဲ့အချိန်ကာလမျိုးမှာ Lockdown လုပ်ခြင်းအားဖြင့် လူစုလူဝေးနဲ့ လူဝင်ထွက်သွားလာမှုတွေအပြင် လူတစ်ယောက်နဲ့တစ်ယောက်ထိတွေ့ဆက်ဆံမှုကို လျော့နည်းသွားစေမှာဖြစ်ပါတယ်။ ရလဒ်အားဖြင့် ‌‌‌ရောဂါကူးစက်ပျံ့ပွားမှုလျော့နည်းနှေးကွေးလာမယ်၊ ကျန်းမာရေး၀န်ဆောင်မှုတွေအတွက် လုပ်နိုင်ကိုင်နိုင်၊ နိုင်နိုင်နင်းနင်းရှိလာမယ်၊ ရောဂါရှိသူနဲ့ ထိတွေ့ခဲ့သူတွေကို ပြန်လိုက်ရတာ ပိုပြီးလွယ်ကူလာနိုင်တယ် စတဲ့ အကျိုးကျေးဇူးတွေရှိပါတယ်။

သို့သော် ရွေးချယ်မှုတိုင်းမှာ ကောင်းကျိုးနဲ့ ဆိုးကျိုးရှိသလိုပဲ Lockdown မှာလည်း အကျိုးအပြစ်တွေရှိပါတယ်။ ပြီးတော့ ဒီအကျိုးအပြစ်တွေဟာ ကျန်းမာရေးကဏ္ဍတစ်ခုအပေါ်မှာသာမဟုတ်ဘဲ ဆက်စပ်လျက်ရှိတဲ့တခြားကဏ္ဍတွေကိုလည်း သက်ရောက်မှုရှိပါတယ်။ ဒါကြောင့်ဆုံးဖြတ်ချက်တစ်ခုခုကို မချခင်၊ Lockdown အတွက် တောင်းဆိုမှုကို မပြုလုပ်ခင် အောက်ပါအချက်တချို့ကို ထည့်သွင်းစဥ်းစားသင့်ပါတယ်။

(၁) Lockdown နဲ့ အခြေခံလူတန်းစားများ

Lockdown ကာလမှာ မရှိမဖြစ်လိုအပ်တဲ့ ၀န်ဆောင်မှုလုပ်ငန်းများမှအပ ကျန်တဲ့စီးပွားရေးလုပ်ငန်းမှန်သမျှကို ပိတ်သိမ်းရမှာဖြစ်ပါတယ်။ မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းများဆိုတာမှာ ဆေးရုံတွေ၊ ဆေးဆိုင်တွေနဲ့ စားသောက်ကုန်ကို ၀ယ်ခြမ်းဖို့ကုန်တိုက်တွေ ပါ၀င်မှာဖြစ်တယ်။ အဲ့ဒါတွေထဲမှာ မပါဝင်တဲ့ ကျောင်း၊ စာကြည့်တိုက်၊ စားသောက်ဆိုင်တွေနဲ့ လမ်းဘေးစျေးဆိုင်တွေ အကုန်ပိတ်ထားရမှာပါ။

မြန်မာနိုင်ငံမှာ လက်လုပ်လက်စားများပါတယ်။ လမ်းဘေးဈေးသည်တွေ၊ နေ့စားသမားတွေ၊ အလုပ်ကြမ်းသမားတွေ စတဲ့ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့လူဦးရေက အရမ်းများပါတယ်။ စားသောက်ကုန်တွေကို ကြိုပြီးဝယ်စုထားဖို့က သူတို့အတွက် မဖြစ်နိုင်သလို၊ Lockdown ကာလ လုပ်ငန်းခွင်တွေပိတ်လိုက်ခြင်းက သူတို့ကို အင်မတန်မှ ခက်ခဲတဲ့ ကျဥ်းထဲကျပ်ထဲ ရောက်သွားစေမှာ ဖြစ်ပါတယ်။ အဆိုးဆုံးအခြေအနေကိုပြောရရင် သူတို့မှာ စားစရာမရှိ၊ ငတ်တဲ့အထိ ဖြစ်နိုင်ပါတယ်။ Lockdown ချမယ်ဆိုရင် သူတို့အတွက် ထည့်စဥ်းစားပေးဖို့လိုပါတယ်။

(၂) Lockdown နဲ့ အချိန်ကာလ

Lockdown ချတယ်ဆိုတာ ရောဂါကူးစက်ပျံ့ပွားမှုကို လျော့နည်းစေဖို့ ဖြစ်ပါတယ်။ ဒီရည်ရွယ်ချက်ကို ပြည့်မီဖို့အတွက် Lockdown ကာလသည် အနည်းဆုံး ၄ ပတ်ခန့် ကြာမြင့်ရမှာ ဖြစ်ပါတယ်။ ဒါတောင် Lockdown ကာလရဲ့ ကနဦး ၁၀ ရက်ခန့်အထိက Lockdown ကာလမစတင်မီ ကူးစက်ခံထားရတာတွေ ဆက်လက်ပေါ်လာနေဦးမှာဖြစ်တဲ့အတွက် အတည်ပြုလူနာအရေအတွက် တက်နေဦးမှာ ဖြစ်ပါတယ်။ ထိရောက်မှုရှိဖို့အတွက် အနည်းဆုံး တစ်လနီးပါးချမှတ်ရမဲ့ Lockdown ဟာ အစိုးရအတွက် စီးပွားရေးအရရော၊ နိုင်ငံရေးအရပါ ကြီးမားလှတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်နေမှာပါ။

(၃) အစိုးရရဲ့ ကျားကန်ပေးနိုင်မှု

Lockdown ချတဲ့နိုင်ငံတွေမှာတော့ Lockdown ကြောင့် ထိခိုက်ခံစားရတဲ့ အလုပ်သမား၊ အိမ်ထောင်မိသားစုတွေနဲ့ လုပ်ငန်းတွေအတွက် ကုစားပေးနိုင်ဖို့ ငွေကြေးစိုက်ထုတ်ပေးတာမျိုးတွေ ရှိပါတယ်။ ဒါဟာ အပေါ်က ဖော်ြပပေးခဲ့တဲ့ ပုံမှန်အလုပ်မလုပ်ရရင် ငတ်မဲ့ အခြေခံလူတန်းစားတွေအတွက် အင်မတန်မှ အရေးကြီးတယ်။ မြန်မာနိုင်ငံမှာ Lockdown လုပ်ဖို့စဥ်းစားမယ်ဆိုရင် အစိုးရရဲ့ ကျားကန်ပေးနိုင်မှုကိုလည်း ထည့်စဥ်းစားသင့်ပါတယ်။ အဲ့ဒီလို ကုစားပေးမှုတွေမပါဘဲ လုပ်ငန်းတွေကို အချိန်ကာလတစ်ခုအထိ ပိတ်ထားဖို့ဆုံးဖြတ်မယ်ဆိုရင် လုပ်ငန်းရှင်တွေအတွက်လည်းမလွယ်သလို၊ အလုပ်သမားတွေအတွက်လည်း မလွယ်ပါဘူး။

(၄) မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အအုံ၊ စာရင်းဇယားတွေနဲ့ အကျင့်ပျက်ခြစားမှုများ

အစိုးရက ကျားကန်ပေးမယ်၊ ငွေကြေးစိုက်ထုတ်ပေးမယ်ဆိုရင်တောင် ဒီအကူအညီတွေဟာ တကယ်အကူအညီလိုအပ်တဲ့သူတွေဆီ အရောက်ပို့ဖို့ကလည်း အရေးကြီးပါတယ်။ နိုင်ငံခြားမှာက စာရင်းတွေ အတိအကျရှိတာဖြစ်ပြီး ဘဏ်လုပ်ငန်းတွေကလည်း ဖွံ့ဖြိုးတာဖြစ်တဲ့အတွက် လိုအပ်တဲ့သူတွေဆီကို ငွေကြေးအထောက်အပံ့ပို့ပေးတာက သိပ်မခက်ခဲလှပါဘူး။ မြန်မာနိုင်ငံမှာက စာရင်းအတိအကျရဖို့ကလည်းခက်ခဲတဲ့အပြင် အကျင့်ပျက်ခြစားမှုက များလှတာမို့ ပေးမဲ့အကူအညီတွေက ပေးချင်တဲ့လူတွေဆီ အထိရောက်ဆုံးနည်းလမ်းနဲ့ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် ရောက်အောင်လုပ်ပေးဖို့လည်း ထည့်စဥ်းစားရမဲ့အချက်တစ်ခု ဖြစ်ပါတယ်။

(၅) မြန်မာ့နိုင်ငံရေးအခင်းအကျင်းနှင့် Lockdown အကောင်အထည်ဖော်ခြင်း

ဒီအချက်က အင်မတန်အရေးကြီးတဲ့အချက်လို့ပြောလို့ရပါတယ်။ ဒီနေရာမှာ အကောင်အထည်ဖော်တယ်ဆိုတာ Enforce လုပ်တာကို ဆိုလိုချင်တာပါ။ Lockdown ချမယ်လို့ဆုံးဖြတ်လိုက်တာနဲ့တစ်ပြိုင်နက် စောင့်ကြည့်ကြပ်မတ်တဲ့လုပ်ငန်းစဥ်တွေနဲ့ မလိုက်နာတဲ့သူတွေ၊ စည်းကမ်းချိုးဖောက်သူတွေကို ထိထိရောက်ရောက်အရေးယူဖို့က နံပါတ်တစ် အရေးကြီးကိစ္စဖြစ်လာပါတယ်။ ဒီလိုအရေးယူမှုတွေ လုပ်ဖို့အတွက် လက်နက်ကိုင်တပ်ဖွဲ့များရဲ့ပူးပေါင်းပါဝင်မှုကို လိုအပ်ပါတယ်။ တချို့ Lockdown ချတဲ့နိုင်ငံနဲ့ ဒေသတွေမှာ Lockdown ကာလအတွင်း အစိုးရမှာ လုပ်ပိုင်ခွင့်အာဏာအပြည့်အဝရှိစေဖို့ တစ်နိုင်ငံလုံး/ ‌‌ဒေသတစ်ခုလုံးကို အရေးပေါ်အခြေအနေကြေညာတာမျိုးလည်းရှိပါတယ်။

မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံးက အစိုးရလက်အောက်မှာမရှိပါဘူး။ တကယ်လို့ Lockdown ချမယ်ဆိုရင် စားဝတ်နေရေးခက်ခဲကြပ်တည်းသွားမဲ့ တချို့နေရာတွေမှာ ပြစ်မှုတွေများလာနိုင်ပါတယ်။ (ဥပမာဆိုရင် လုယက်မှုမျိုးတွေပေါ့။) ဒီအတွက် လက်နက်ကိုင်အဖွဲ့အစည်းတွေကို လိုအပ်ပါတယ်။ ဥပဒေကို အကောင်အထည်ဖော်လုပ်ဆောင်ဖို့ (Law Enforcement) အတွက် အရင်ဆုံးရဲတပ်ဖွဲ့ရဲ့အင်အားကို အသုံးပြုရမှာပါ။ မလုံလောက်ရင်တော့ စစ်တပ်ရဲ့အကူအညီကို ယူရပါမယ်။ မြန်မာနိုင်ငံမှာ လက်ရှိအစိုးရက Lockdown အကောင်အထည်ပေါ်အောင် (enforce) လုပ်ဖို့အတွက် ဒီလက်နက်ကိုင်အဖွဲ့အစည်းတွေကို အသုံးပြုနိုင်မှာလားဆိုတာ စဥ်းစားစရာပါ။ အသုံးမပြုနိုင်လို့ ကြပ်မတ်မှုမရှိဘူးဆိုရင်လည်း Lockdown ဟာ ထိရောက်မှုရှိမှာ မဟုတ်ပါဘူး။

ဒါ့အပြင် တချို့နိုင်ငံတွေလို နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာမယ်ဆိုရင် မြန်မာနိုင်ငံမှာ ဘယ်လိုဖြစ်လာမလဲဆိုတာလည်း စဥ်းစားရမှာပါ။ လက်ရှိ ၂၀၀၈ အခြေခံဥပဒေမှာတော့ အချုပ်အခြာအာဏာကို ထိပါးလာတဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာရတဲ့ ပြဌာန်းချက်ပဲရှိပါတယ်။ ကူးစက်ရောဂါနဲ့ပတ်သက်လို့ နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာရတဲ့ ပြဌာန်းချက်တော့ မပါဝင်ပါဘူး။ ဒါပေမဲ့ အချုပ်အခြာအာဏာကိုထိပါးလာတဲ့ကိစ္စတွေကြောင့် နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာလိုက်ရပြီဆိုရင်တော့ ကာ/လုံခေါ်ယူပြီး နိုင်ငံတော်သမ္မတက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံအာဏာကို လွှဲပြောင်းပေးရမှာပါ။ ကူးစက်ရောဂါကြောင့် နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာရင် လုပ်ဆောင်ရမဲ့ပြဌာန်းချက် အခြေခံဥပဒေမှာ မပါပေမဲ့ အရမ်းထိလွယ်ရှလွယ်တဲ့မြန်မာ့နိုင်ငံရေးမှာ ဘာမဆိုဖြစ်လာနိုင်တာမို့ ဒီအချက်ကိုလည်း ကြိုတင်ပြီး ထည့်စဥ်းစားထားသင့်ပါတယ်။ အခန့်မသင့်ရင် မြန်မာ့နိုင်ငံရေးအခင်းအကျင်းတစ်ခုလုံး ပြောင်းလဲသွားတာမျိုး ဖြစ်နိုင်ပါတယ်။

(၆) Lockdown ၏ ကောင်းကျိုးများ

မြန်မာနိုင်ငံလို ကျန်းမာရေးအခြေခံအဆောက်အအုံမပြည့်စုံတဲ့နိုင်ငံမှာ Lockdown ကနေ ရရှိနိုင်တဲ့ ကောင်းကျိုးတွေကိုလည်း ထည့်မပြောလို့မဖြစ်ပါဘူး။ ‌‌‌ Lockdown ချခြင်းအားဖြင့် ရောဂါကူးစက်ပျံ့ပွားမှုလျော့နည်းနှေးကွေးလာမယ်၊ ကျန်းမာရေး၀န်ဆောင်မှုတွေအတွက် လုပ်နိုင်ကိုင်နိုင်၊ နိုင်နိုင်နင်းနင်းရှိလာမယ်၊ ရောဂါရှိသူနဲ့ ထိတွေ့ခဲ့သူတွေကို ပြန်လိုက်ရတာ ပိုပြီးလွယ်ကူလာနိုင်တယ် စတဲ့အချက်တွေက မြန်မာနိုင်ငံလို နိုင်ငံအတွက် အင်မတန်မှ အရေးပါလှတဲ့ အကျိုးကျေးဇူးတွေပါ။ ဒါပေမဲ့ ဒါတွေဟာ Lockdown ကို ထိထိရောက်ရောက်အကောင်အထည်ဖော်နိုင်မှု၊ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ တရားဥပဒေအရ ကြပ်မတ်ပေးနိုင်မှုတွေနဲ့ တိုက်ရိုက်အချိုးကျနေပါတယ်။

(၇) Lockdown တစ်ခုတည်းသာ အဖြေလား

Covid-19 ကြောင့် Lockdown ချတဲ့ တရုတ်နိုင်ငံကတော့ တကယ်အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ Lockdown မချတဲ့ တောင်ကိုရီးယားနိုင်ငံလည်း Covid-19 အကြပ်အတည်းမှာ အောင်မြင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ သူတို့နှစ်နိုင်ငံလုံးကို အတုယူစရာအဖြစ်သတ်မှတ်ထားပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံအနေအထားအရ အမှန်အတိုင်း၀န်ခံရရင် သူတို့နှစ်ခုလုံးလို လိုက်လုပ်ဖို့က အင်မတန်မှ ခက်ပါတယ်။ သူတို့ဟာ နည်းပညာအရရော၊ အခြေခံအဆောက်အအုံအရပါ အရမ်းချမ်းသာတဲ့နိုင်ငံတွေဖြစ်နေသလို စီးပွားရေးအရ အင်အားတောင့်တင်းပြီးသား နိုင်ငံတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံလို နိုင်ငံမျိုးကတော့ Lockdown ချလည်း ပြဿနာတွေ တစ်ပုံကြီးရှိနေသလို၊ မချပြန်ရင်လည်း အီတလီလမ်းစဥ်ကို လိုက်မှာ စိုးရိမ်နေရတာမျိုးရှိပါတယ်။ ဒါပေမဲ့ သေချာတာကတော့ Lockdown တစ်ခုတည်းကသာ အဖြေမဟုတ်ပါဘူး။

အနှစ်ချုပ်

ကျွန်မ ဒီ post ကိုရေးရတာ မြန်မာနိုင်ငံကို Lockdown မချသေးလို့ အားမလိုအားမရဖြစ်နေတဲ့သူတွေကို ထည့်စဥ်းစားစရာတွေ ရစေချင်လို့ပါ။ စိုးရိမ်တာကို နားလည်ပါတယ်။ ဘယ်ဆုံးဖြတ်ချက်ပဲဖြစ်ဖြစ် မြန်မြန်ချမှတ်ပြီး အကောင်အထည်ဖော်ဖို့ လိုအပ်တယ်ဆိုတာလည်း လက်ခံတယ်။ ကျွန်မကိုယ်တိုင် ဒီလိုတွေရေးနေလို့လည်း Lockdown မချရဘူးလို့ မဆိုလိုပါဘူး။ ဒါပေမဲ့ တာဝန်ရှိတဲ့သူတွေမှာ ချင့်ချိန်ရတာ အများကြီးဆိုတာကို နားလည်စေချင်ပါတယ်။ ဘယ်ဆုံးဖြတ်ချက်ပဲချချ ထိခိုက်နစ်နာမှုအများဆုံးဖြစ်နေမဲ့ လက်လုပ်လက်စား အခြေခံလူတန်းစားတွေအတွက်လည်း ထည့်စဥ်းစားစေချင်တယ်။

တာဝန်ရှိသူတွေ အကောင်းဆုံးဖြစ်မဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်ဖို့ ကြိုးစားနေကြချိန်မှာ ကျွန်မတို့ ပြည်သူတွေအနေနဲ့ တတ်နိုင်တဲ့ဖက်က ဝိုင်းလုပ်ပေးဖို့ကိုပဲ အဓိကထား တိုက်တွန်းချင်ပါတယ်။ တကယ်လို့သာ ကိုယ်က ကံကောင်းလို့ နေပူမိုးရွာအလုပ်ဆင်းစရာမလိုတဲ့ လူမျိုးဖြစ်နေတယ်ဆိုရင် ကျေးဇူးပြုပြီး အိမ်မှာနေပေးပါ။ မလိုအပ်တဲ့ လူစုလူဝေးတွေကို ရှောင်ပေးပါ၊ ဖျက်သိမ်းပေးပါ။ တချို့ဆို တစ်နှစ်လုံးစီစဥ်ခဲ့ရတဲ့ မင်္ဂလာပွဲတွေကို အများအတွက် စဥ်းစားပြီး ရက်ရွှေ့လိုက်တာမျိုးတွေ တွေ့ရတာ အင်မတန်မှ ကျေးဇူးတင်ရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်က ၁၄ ရက် ကွာရန်တင်းလုပ်ဖို့လိုလာရင်လည်း သေသေချာချာလုပ်ပေးဖို့ အနူးအညွှတ်တိုက်တွန်းလိုပါတယ်။ Lockdown အထိမစောင့်ကြဘဲ အခုကတည်းက အိမ်မှာနေလို့ရသူတွေ အိမ်မှာနေပေးကြရင်ပဲ ရောဂါကူးစက်ပျံ့ပွားမှုနှုန်းကို တော်တော်ကြီး ကျဆင်းသွားစေမှာပါ။

အစိုးရက ဦးဆောင်ပြီးချမှတ်လိုက်တဲ့ ကာကွယ်ထိန်းချုပ်မှုတွေက ပိုပြီး ထိ‌ရောက်တာ အမှန်ပါ။ ဒါပေမဲ့ Lockdown ချဖို့ဆိုတာ ထင်သလောက် မလွယ်ပါဘူး။ Covid-19 အကြပ်အတည်းမှာ ကျွန်မတို့အပါအဝင် နိုင်ငံတော်အစိုးရနဲ့ တာဝန်ရှိသူတွေအားလုံးဟာ တစ်လှေတည်းစီး တစ်ခရီးတည်းသွားနေကြတာဖြစ်ပါတယ်။ အခုလောလောဆယ်မှာ Lockdown အတွက် ၀ိုင်းပြီးတောင်းဆိုတာလည်း တောင်းဆိုလို့ရတယ်ဆိုပေမဲ့၊ Lockdown တစ်ခုတည်းသာ အဖြေမဟုတ်တဲ့အတွက် အစိုးရအနေနဲ့ တခြားချဥ်းကပ်မှုနည်းလမ်းမျိုးကို ရွေးချယ်တယ်ဆိုရင် အဲ့ဒါကိုလက်ခံပြီး ရှိတဲ့နေရာကနေ အ‌ကောင်းဆုံးပူးပေါင်းပါဝင်ပေးစေချင်ပါတယ်။ ကိုယ့်အခန်းကဏ္ဍမှာ ကိုယ်ပီပီပြင်ပြင် ထိထိရောက်ရောက်လုပ်နေတယ်ဆိုရင် ကျွန်မတို့မှာ အောင်မြင်နိုင်ချေပိုပြီးများမှာပါ။

Ref-မလေးတုံ