လူကို လွန်၏ မလွန်၏….

fotolia_what_doyou_think_xsယခုခေတ် သိပ္ပံထွန်းကားပြီး ဘာသာတရားအပေါ်ယုံကြည်မှု အားနည်းလာကြတဲ့ လူငယ်အများစုတို့က ဗုဒ္ဓတရားတွေအပေါ် “ဒီတရားတွေဟာ လူကိုလွန်တဲ့တရားတွေ လူတွေ မသိနိုင်မလုပ်နိုင်တဲ့တရားတွေ” ဟု သုံးသပ်ကာ ဘာသာတရားအောက်က ရုန်းထွက်ကြတယ်… ဗုဒ္ဓဘာသာမှ မဟုတ် အခြားသော ဘာသာတွေမှာလဲ ဒီသဘောဟာ ဖြစ်နေတာကိုတွေ့ရပြန်တယ်… အလယ်ခေတ်ဦးပိုင်းတွေမှာ ပေါ်ပေါက်ခဲ့ကြတဲ့ ဘာသာတွေ အဆုံးအမတွေဖြစ်လို့ တချို့နေရာတွေမှာ ခေတ်မမှီသလို ဖြစ်နေတာတွေကတော့ ရှိနိုင်ပါတယ်.. လူ့သမိုင်းတွေ နိုင်ငံရေး လူမှုရေးတွေဟာလဲ အခုခေတ်နဲ့ယှဉ်ရင် လုံးဝ မတူလေတော့ ဘာသာတရားတွေဟာ ခေတ်မမှီသလိုဖြစ်နေပါတယ်… သို့သော် လူကိုလွန်သော တရားတွေ မဟုတ်ပါ… လူတွေလုပ်နိုင်သော အမှန်ကျင့်ကြံနိုင်သောတရားတွေသာ ဖြစ်ပါတယ်… တကယ့်လုပ်သူတွေ တကယ်ရခဲ့ကြသော ငြိမ်းချမ်းမှုကို ခေတ်အဆက်ဆက်မှာတွေ့နိုင်ပါတယ်…

ဘာသာတရားမှာ မဆိုထားနှင့် သိပ္ပံတိုးတက်မှုတွေသည်ပင်လျင် အလယ်ခေတ်လူများအဖို့ လူကိုလွန်သော အရာတွေဟု ထင်နိုင်ပါသည်။ ယခုအောင်မြင်နေကြသော ပညာရှင်တွေ လုပ်ငန်းရှင်တွေဟာ သာမာန်လူတွေထက် ပိုမိုကြိုးစား လုပ်ကိုင် ကြံဆတွေးခေါ်နိုင်ခဲ့ကြလို့ လူအများအထက်မှာ ရောက်ခဲ့ကြပါတယ်… ဒါတွေဟာ ဇနပုဒ်က နွားကျောင်းသားအတွက်တော့ လူကိုလွန်သော ကိစ္စတွေပါ…. ၁၀ တန်း သာမာန်အောင်အတွက် the whole Burma First ဆုဟာ လူကိုလွန်သလိုဖြစ်နေမှာပါပဲ… အမှန်တော့ ဒါတွေဟာ လူကိုလွန်သောအရာမဟုတ်… တကယ်လုပ်သူတွေ တကယ်ရနိုင်သော အရာသာ ဖြစ်ပါတယ်… လူပျင်းတွေကိုတော့ လွန်ပါတယ်… လူအများစု မလုပ်နိုင်တိုင်း လူကိုလွန်တာမဟုတ်ပါ… သာမာန်လူတွေထက်လွန်တာသာ ဖြစ်ပါတယ်…

ဗုဒ္ဓတရားတွေမှာ လူကိုလွန်သော အကျင့်မရှိပါ… သာမာန်လူတွေမကျင့်ကြသော အကျင့်တွေသာရှိပါတယ်… ဗုဒ္ဓသည်ပင်လျင် သာမာန်လူသားမှ ကျင့်ကြံအားထုတ်၍ ဘုရားဖြစ်တော်မူခဲ့ပါတယ်… ရှေ့ဘဝ နောက်ဘဝတွေသည် လက်တွေ့မမြင်နိုင်ကြ၍ လူလွန်တရားဟု သတ်မှတ်ချင်ကြသည်… ဒီကိစ္စတွေကို ကိုယ်တိုင်သိအောင် ကျင့်ကြံနိုင်ဖို့ သမထ ၄၀ရှိပါသည်။ အမှန်ကျင့်လျင် ကိုယ်တိုင်အမှန်မြင်နိုင်ပါသည်။ နိဗ္ဗာန်ချမ်းသာကိုလည်း နောက်ဘဝမှ ရနိုင်သည်ဟု ထင်ကာ လူလွန်တရားဟု သတ်မှတ်ချင်ပြန်သည်။ အမှန်တကယ် ကျင့်ကြံမည့်သူအဖို့ လက်တွေ့မှာပင် အမှန်ငြိမ်းချမ်းစေရုံမှ မက မျက်မှောက်ဘဝတွင်ပင် သိမြင်နိုင်ခံစားနိုင်ပါသည်။

ဒီတော့ လူကို လွန်၏ မလွန်၏ ထက် မိမိကျင့်၏ မကျင့်၏… မိမိအမှန်တကယ်လိုချင်၏ မလိုချင်၏ သည်သာလျင် အခရာကျကာ မိမိကိုယ် မိမိပြန်မေးရမည့်အရာ ဖြစ်ပါကြောင်း…

Ref: